“တိုက်ခန်းတစ်ခန်းမှာ ကျွန်တော်ငှားနေတယ် ဆရာ။ အဲဒီတိုက်ခန်းက ဘီစီစီ လူနေခွင့်မကျသေး ဘူးလို့ သိရတယ်။ အဲဒါဘယ်လိုဖြစ်နိုင်ပါသလဲ။ ကျွန်တော်တို့ အိမ်ခန်းက ပြန်ဆင်းပေးရမှာလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

“လူနေခွင့်မကျသေးတဲ့ အ ဆောက်အအုံဆိုတာ တိုက်ခန်းကိုငှားနေပြီးမှ သိတာပေါ့”

“ဟုတ်ပါတယ် ဆရာ။ ငွေပြန် အမ်းယူပြီး ဆင်းပေါ့လို့ ပြောကြတယ်။ အဲဒီလို လုပ်ပိုင်ခွင့်ရှိပါသလား”

“ဘယ်နှလစာငှားထားလို့လဲ”

“တစ်နှစ်စာချုပ် ဆရာ”

“အခုဘယ်နှလခန့်ရှိပြီလဲ”

“နှစ်လပြည့်ပြီဆိုပါတော့”

“ဥပဒေအရဆိုရင်တော့ လူနေထိုင်ခွင့်ရမှ အဆောက်အအုံထဲမှာ ဝင်ရောက်နေထိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်မရသေးဘဲ အဆောက်အအုံထဲဝင်နေကြတာလည်း ရှိနေကြတယ်”

“ကန်ထရိုက်က ဆက်မဆောက် နိုင်တော့ဘဲ ထားခဲ့တာလို့ သိရတယ်”

“ငှားနေတဲ့ အခန်းအခြေအနေက ဘယ်လိုရှိသလဲ”

“ရေမီးအစုံပြည့်စုံပါတယ် ဆရာ။ဆေးတော့အတွင်းပိုင်း ပြန်သုတ်ထားတာတော့ရှိတယ်”

“ဘေးတံခါးတွေ ပြည့်စုံရဲ့လား”

“ဘေးပြတင်းပေါက်တွေကတော့ ဆလိုက်ဒိုးအလူမီနီယံ တံခါးတွေပါ ဆရာ”

“အင်း … ဒါဆိုရင် အဆင် ပြေသေးတယ်ဆိုရမယ်။ အချို့အိမ်တွေဆိုရင် ဘေးပြတင်းပေါက်တွေမှာ တံခါးတပ်မထားကြဘူး။ လုပ်လက်စ ပုံစံအတိုင်းထားပြီး အငှားချထားသူတွေလည်း ရှိတယ်”

“အငှားနေသူက ပြင်ဆင်ပြီး နေရတဲ့ သဘောလား ဆရာ”

“အချို့အိမ်ရှင်တွေက စပေါ်ငွေယူပြီး နည်းနည်းပါးပါးပြင်ဆင်ပေး တာမျိုးတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပျောက်စနစ်နဲ့ တိုက်ခန်းဝယ်တာ မဟုတ်တဲ့အတွက် မိမိအပေါ် တိုက်ရိုက်တာဝန်ရှိတယ်လို့တော့ သတ် မှတ်လို့ မရဘူး”

“ဟုတ်ကဲ့ ဆရာ။ အစကတော့ တိုက်ခန်းကို ဝယ်ဖို့ပဲ ဆရာ။ ဇနီးဖြစ် သူမှာက ကိုယ်ဝန်ရှိတော့ ကျွန်တော် သင်္ဘောတက်သွားရင် သူ့မိဘဆီပြန် နေရမှာဆိုတာနဲ့ မဝယ်ဖြစ်တာ ဆရာ”

“ဒါလည်း ကံကောင်းခြင်းတစ် ရပ်လို့ ပြောရမှာ”

“ဟုတ်ကဲ့ပါ ဆရာ။ တကယ်လို့ စည်ပင်သာယာက လာစစ်ပြီး လူနေ ထိုင်ခွင့်မရသေးဘဲ ဝင်နေတာကို သိ ရင် အရေးယူနိုင်သလား ဆရာ”

“တိုင်တန်းသူရှိလာရင်တော့ ဖြစ်နိုင်ပါတယ်”

“ဘာမှတော့ ပြဿနာရှိပုံမရဘူး ဆရာ။ ကျွန်တော်တို့လိုပဲ အိမ်ငှားနေထိုင်တဲ့သူတွေ အဲဒီတိုက်မှာ သုံးခန်းလား လေးခန်းလား ရှိတယ်”

“ရပ်ကွက်နဲ့ ပတ်ဝန်းကျင် ကောင်းတော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနေခွင့် လက်မှတ်ရအောင်တော့ မြေရှင်အ နေနဲ့ လုပ်ထားသင့်တယ်။ ဒါမှ ရေရှည် ကောင်းမှာကိုး”

“ဟုတ်ကဲ့ မြေရှင်ကို မေးကြည့်တော့ အခွန်အခတွေက အများကြီးဆောင်ရမှာဖြစ်လို့ ဒီအတိုင်းပဲထား လိုက်တယ် ပြောတယ်”

“တိုက်ခန်းဝယ်ထားသူတွေနဲ့ ညှိနှိုင်းပြီး အခွန်ပေးဆောင်ကြရမှာ ဖြစ်တယ်။ အချို့တိုက်ခန်းပိုင်ရှင် တွေကလည်း လူနေထိုင်ခွင့်ကိစ်္စကို မြေရှင်က တာဝန်ယူလုပ်ဆောင်ပေးရမှာဆိုပြီး မသိသလိုနေကြတာ လည်း ရှိတယ်”

“ဆရာပြောသလို ကျွန်တော်က အိမ်ငှားဆိုတော့ တိုက်ရိုက်သက်ဆိုင် မှုမရှိဘူးဆိုပေမယ့် ဥပဒေအရ ဘယ် လိုရှိနိုင်သလဲဆိုတာ ဗဟုသုတအဖြစ် သိထားချင်လို့ပါ ဆရာ”

“အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ် ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆို အခုကိစ္စက အဆောက်အအုံ ဆောက်လုပ်ပြီးပေမယ့် လူနေထိုင်ခွင့်မလျှောက်ဘဲထားတာမျိုး ဖြစ်နေတာပေါ့”

“မှန်ပါတယ်။ စတင်ဆောက် လုပ်ခွင့်ပါမစ်ရစဉ်က ဘယ်ကာလ အတွင်း ဥပမာ – ၈ လအတွင်း၊ ၁၂ လအတွင်း စသည်ဖြင့်ပြီးစီးအောင် ဆောက်လုပ်ပါမယ်လို့ မြို့တော်စည် ပင်သာယာရေး ကော်မတီအဆောက် အအုံ ဌာနမှာ ဝန်ခံလက်မှတ်ထိုးကြ ရပါတယ်”

“ဒါပေမယ့် သတ်မှတ်ရက်မှာ မပြီးတာတွေရှိတယ် မဟုတ်လား ဆရာ”

“မှန်ပါတယ်။ သက်ဆိုင်ရာက စိစစ်ပြီး ဒဏ်ငွေရိုက်ရင်တော့ နိုင်ငံတော် ဘဏ္ဍာအများအပြားရမှာဖြစ် တယ်။ အခုလို လူနေခွင့်မလျှောက် ဘဲ နေထိုင်ကြတဲ့ တိုက်ခန်းတွေက မနည်းဘူး”

“အခွန်အခက ဘယ်လိုဆောင်ရသလဲ ဆရာ”

အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –

ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။

ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ အခု တိုက်ခန်းအဆောက် အအုံက ဘယ်နှထပ်လဲ”

“ရှစ်ထပ်တိုက် ဆရာ”

“ဒါဆိုရင် တစ်စတုရန်းပေမှာ ငွေကျပ် အနည်းဆုံးသုံးသောင်းကျပ်ထဲမှာ ပါနိုင်တာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ အဆောက်အအုံရဲ့ ဧရိယာစတုရန်းပေါ်မှာ နှုန်းထားအတိုင်း အခွန်ဆောင်ရမှာဆို တော့လည်း အခွန်ရှောင်တာဖြစ်မယ်။ အစောကပြောသလို သက်ဆိုင်ရာက လာစစ်တဲ့အခါ လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာတွေ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဝင်ရောက်နေထိုင်တဲ့ကာလအပေါ် ဒဏ်ငွေ တပ်ရိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် အစောကပြောခဲ့တဲ့ အဆောက်အအုံတွက် ပေးဆောင်ရမယ့် အခွန်အခ၊ ခွင့်ပြုချက်မရဘဲ ဝင်ရောက်နေထိုင် တဲ့ ကာလအပေါ် ဒဏ်ငွေတို့ကို တွက်ချက်ပြီး မြေရှင်က နေထိုင်ခွင့် မလျှောက်ဘဲ အငှားချကာ ဝင်ငွေရ ယူနေကြတာဖြစ်တယ်”ဟု ရှင်းပြလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်