“ခြံမြေထဲမှာ ကျူးကျော်နေထိုင် သူကို တရားရုံးမှာ တရားစွဲနှင်လို့ ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“ခြံမြေဆိုတော့ ဘယ်လိုမြေ အမျိုးအစားလဲ။ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဥယျာဉ်ခြံမြေ၊ အမျိုးမျိုးရှိ တယ်လေ”

“ဥယျာဉ်ခြံမြေလို့ ပြောတယ်။ ဂရန်မြေတော့ မဟုတ်ဘူး”

“သူငယ်ချင်းက ဘယ်နေရာမှာ ဝယ်ထားလို့လဲ”

“ကိုယ်တိုင်ဝယ်ထားတာ မဟုတ်ပါဘူး။ တူတော်တာပေါ့ သူငယ်ချင်း၊ ညီအငယ်ဆုံးရဲ့သားက ဝယ်ထားတာ။ သူက နိုင်ငံခြား သင်္ဘောပေါ်မှာ အလုပ်လုပ်တော့ ဝယ်ပြီးသွားမကြည့် ဖြစ်ဘူးပေါ့ကွယ်။ အခုတော့ စီမံကိန်း တွေရှိလာနိုင်တယ်ဆိုပြီး သွားစုံစမ်းတော့ ကိုယ်ဝယ်ထားတဲ့ မြေကွက်ထဲမှာ အဆောက်အအုံဆောက်ပြီး လူ နေတာတွေ့တယ် ပြောတယ်။ အဲဒါ ကြောင့် တရားစွဲလို့ရမရ သိချင်လို့ သူငယ်ချင်းဆီ ရောက်လာတာ”

“ပြောစကားအရဆိုရင်တော့ ဥပဒေအရ လယ်ယာမြေအမျိုးအစား ထဲမှာပါရှိတဲ့ ဥယျာဉ်ခြံမြေဖြစ်လိမ့်မယ်”

“ဟုတ်တယ် လယ်ယာမြေအမျိုးအစားလို့လည်း ပြောတယ်။ ဒါပေမယ့် စိုက်ပျိုးသီးနှံတော့ မစိုက်ကြ တော့ဘူး”

“တချို့ လယ်ယာမြေတွေကို လူနေထိုင်ခွင့်ရတဲ့ မြေအဖြစ် အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားတဲ့ မြေတွေလည်း ရှိတယ်။ ဝယ်ထားတယ်ဆိုတော့ မြေကွက်နဲ့ ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်း ရယူထားတာတွေရှိသလား”

“မြေကွက်နဲ့ ပတ်သက်လို့ ပုံစံ (၇) စာရွက်တော့ရှိတယ်။ ပြီးတော့ အရောင်းအဝယ်စာချုပ်ကိုလည်း သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကောင်စီ ဥက်္ကဋ္ဌရှေ့မှာ ချုပ်ဆိုတာလို့ပြောတယ်”

“အဲဒီမြေကွက် အရောင်းအဝယ် စာချုပ်ကို သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြုလုပ် ထားသေးလား”

“အဲဒါတော့ သေချာမသိဘူး။ ရပ်ကွက်ကျေးရွာကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတာတော့ စာချုပ်မှာတွေ့တယ်”

“အခုခြံထဲမှာ ဝင်နေတဲ့သူတွေက ဘာပြောလဲ၊ သူတို့လည်း ဝယ်ထားတယ်လို့ ပြောသလား”

“ဝယ်ထားတယ်တော့ မဟုတ်ဘူး။ သူတို့ မိဘလက်ထက်ကတည်းက လုပ်ကိုင်နေတဲ့ မြေကွက်လို့ ပြော တယ်။ အထောက်အထားတော့ အတိအကျ ရှိပုံမပေါ်ဘူး”

“ပုံစံ(၇) ထုတ်ပေးထားတဲ့ မြေကွက်ဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာ မြေအမျိုးအစားမှာပါဝင်တဲ့ ဥယျာဉ် ခြံမြေ ဖြစ်နေတယ်”

“ပုံစံ (၇) ဆိုတာက ဘာကိုပြောတာလဲ”

“ပုံစံ (၇) စာရွက်စာတမ်းက လယ်ယာမြေလုပ်ပိုင်ခွင့်ကို ခွင့်ပြုတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ဖြစ်တယ်”

“မြေကွက်မြေပုံလည်း ပါတယ်ဆိုတော့ တရားဝင်တယ်ပေါ့”

“မြေစာရင်း ပုံစံ – ၁၀၅ လို့လည်း ခေါ်ကြတယ်။ မြေပုံမြေရာဇဝင် ဖော်ပြချက်ဖြစ်တယ်”

“သူငယ်ချင်းပြောသလို ပုံစံ (၇) လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရှိသူက ရောင်းချပိုင်ခွင့်ရှိတယ် မဟုတ်လား”

“လယ်ယာမြေ ဥပဒေပုဒ်မ (၉) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေကို အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရသူက မိမိရဲ့ လယ်ယာလုပ်ပိုင်ခွင့်ကို အခြားသူထံ ရောင်းပိုင်ခွင့်ရှိ မှာ ဖြစ်ပါတယ်”

“ထပ်ဆင့် ရောင်းချထားတာ မျိုးလည်း ရှိနိုင်တာပေါ့”

“ရှိနိုင်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ (၁၂) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့် အခါ ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ် စာတမ်းမှတ်ပုံတင်ခကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ တရားဝင် လုပ်ပိုင်ခွင့်ရဖို့ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြု လုပ်ပြီး အရောင်းအဝယ်စာချုပ် ချုပ် ဆိုရမှာ ဖြစ်ပါတယ်။ အချို့ကလည်း မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုခြင်းမရှိဘဲ၊ သက်ဆိုင်ရာ ကျေးရွာကောင်စီရဲ့ အသိအမှတ်ပြုအရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီး အဆင့်ဆင့်ရောင်းကြတာတွေရှိလာကြတယ်”

ဒါဆိုရင် အခုကိ္စမှာ မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြုလုပ်ထားဖို့တော့လိုမှာပေါ့”

“အဓိက လိုအပ်ချက်ပဲ သူငယ်ချင်း။ လယ်ယာမြေဥပဒေပုဒ်မ-၁၃ မှာ ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်”

“ပုံစံ (၇) လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရတဲ့သူကိုယ်တိုင် မဟုတ်ဘဲ သားသမီးက ရောင်းတယ်ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”

“မိဘအမည်နဲ့ လုပ်ပိုင်ခွင့်ရပြီး မိဘက ကွယ်လွန်သွားလို့ အမွေဆက်ခံခွင့်ရှိသူနဲ့ ပတ်သက်အငြင်း ပွားရင်တော့ တရားရုံးမှာ တိုက်ရိုက် အမွေခွဲဝေပေးစေလိုမှုစတဲ့ အမွေဆက်ခံခြင်းနဲ့ ပတ်သက်ပြီး တရားစွဲ ဆိုနိုင်တယ်လို့ လယ်ယာမြေဥပဒေ ပုဒ်မ – ၉ (ဂ) မှာ ဖော်ပြထားပါတယ်။ အဲဒီမှာလည်း ပုံစံ (၇) လယ် ယာမြေလုပ်ကိုင်ခွင့်ကို မိဘအမည်နဲ့ လုပ်ပိုင်ခွင့်ရရှိမှတ်ပုံတင်ထားဖို့တော့ လိုတယ်”

“အခု ဝယ်ထားတဲ့ မြေကိစ္စက ဘယ်လိုဆောင်ရွက်နိုင်မလဲ”

“ပုံစံ (၇) အမည်ပေါက်လယ် ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရသူ ကိုယ်တိုင်က ရောင်းချခြင်းဆိုရင်တော့ ပိုပြီးအဆင်ပြေတယ် သူငယ်ချင်း။ အမွေဆက်ခံခြင်းကိ္စ စဉ်းစားဖို့ မလိုတော့ဘူး။ ဒါမှမဟုတ်ဘဲ မိဘ တစ်ဦးဦးရဲ့ လုပ်ပိုင်ခွင့်အဖြစ်သာ ရရှိ ထားပြီး မိဘကွယ်လွန်လို့ သားသမီး တစ်ဦးဦးက လုပ်ပိုင်ခွင့် တရားဝင် မရသေးဘဲ ရောင်းချမယ်ဆိုရင်တော့ အရောင်းအဝယ်ဟာ တရားဝင်မှာ မဟုတ်ဘူး။ အမွေဆက်ခံခွင့်ကိစ္စဦးစွာ ဆောင်ရွက်ဖို့လိုပါတယ်”

“တိုက်ရိုက်အမည်ပေါက်ဆီက ဝယ်တယ်ဆိုရင် ဘယ်လိုဖြစ်နိုင်လဲ”

“ပုံစံ (၇) လုပ်ပိုင်ခွင့်ရသူထံမှ ဝယ်ခဲ့ရင် သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဌာနမှာ မှတ်ပုံတင်ပြီးမှ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ မြေယာစီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်